ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဆေးဝါးတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများအား တွေ့ဆုံဆွေးနွေးပွဲ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့်တာဝန်ရှိသူများလိုက်ပါလျက် (၂၉-၄-၂၀၂၂)ရက်နေ့တွင် ဆေးဝါး တက္ကသိုလ် (ရန်ကုန်) သို့ လာရောက်၍ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တက္ကသိုလ်တွင်အချိန်မီကျောင်းအပ်နှံရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများအတွက် သင်ကြားရေးဆိုင်ရာစာသင်ခန်းမများ၊ သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားရှိမှုအခြေအနေတို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကိစ္စရပ်များ ပုံမှန်နီးပါးပြန်လည်၍ လည်ပတ်လာနိုင်ပြီ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများ အရှိန် အဟုန်ရလာသည့်အခါတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်မွေးထုတ်မှုသည် အရေးကြီးသည့်အခန်းကဏ္ဍသို့ ရောက်ရှိလာပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် ဘက်ပေါင်းစုံမှစဉ်းစား၍ နိုင်ငံတော်နှင့်ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုမည့် လူ့စွမ်းအား အရင်းအမြစ်များကို ထိရောက်စွာမွေးထုတ်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ရာတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ပါမောက္ခ/ ဌာနမှူးများ၊ တွဲဘက်ပါမောက္ခများ၊ ကထိက၊ လက်ထောက်ကထိက၊ သရုပ်ပြ စသည့်ဆရာ/ဆရာမများ အနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ မိမိတို့၏ နောင်လာနောက်သားများလက်ထက်တွင်မိမိတို့၏ဌာနနှင့် ပညာရပ် နယ်ပယ်များဖွံဖြိုးတိုး တက်စေရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စေတနာ၊ ဝါသနာ၊ အနစ်နာ အရင်းခံသည့် ဆရာဝန်ကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ လာမည့်ပညာသင်နှစ်တွင် ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များ ဝင်ခွင့်ရွေးချယ်သည့်စနစ်သစ်ကို စတင်ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စရိတ်ဖြင့် ဆေးပညာသင်ကြားသူများသည် နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုးအတွက် မဖြစ်မနေ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သွားကြရမည် ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးနှီးနွယ် ပညာရပ်များသင်ကြားရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနအောက်ရှိ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များအနေဖြင့် ကုသရေးဦးစီးဌာန၊ သင်ကြားရေးဆေးရုံကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ညှိနှိုင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ သင်ကြားရေး ဆရာ/ဆရာမများသည် ကုသရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ကုသရေးဆိုင်ရာ ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များသည် သင်ကြားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာဌာနမှူးများ၊ ဌာနအကြီးအကဲများ၏ဦးဆောင်၍ ရှေ့ဆောင်ရှေ့ရွက်ပြုမှုများသည် သက်ဆိုင်ရာဆေးနှင့် ဆေးနှီးနွယ်ပညာရပ်များနှင့် ပညာရပ်ဆိုင်ရာဌာနများဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးပါကြောင်း၊ တက်ရောက်လာကြသည့် ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူး များ၊ ဆရာ/ဆရာမများက မိမိတို့၏လိုအပ်ချက်များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာကြသည့် ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဘက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ သရုပ်ပြများ၊ ဆရာ/ဆရာမများ၊ တာဝန်ရှိသူများက ဆေးပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုသရေးအထောက်အကူပြု ပစ္စည်းလိုအပ်ချက်များနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
(ဆေးဝါးတက္ကသိုလ်(ရန်ကုန်)မှ တွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံများ) (၂၀၂၂ခုနှစ်၊ ဧပြီလ (၂၉) ရက်)